.


  • သူနာပြု စိတ်ဓာတ်အပြည့်ရှိတဲ့ သမီးဖြစ်သူ (ဒေါ်) အောင်ဆန်းစုကြည်

    ထိုအချိန်က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချူ ပ်တွင် အလုပ်ဝင်ရောက်လုပ်ကိုင်နေချိန်ပင် ဖြစ်သည်။ စု သည် အုပ်ချူ ပ်ရေးနှင့် ငွေစာရင်းကော်မတီ အကြံပေးအဖွဲ့တွင် တာဝန်ပေးထား၍ လုပ်ကိုင်ရပါသည်။ ထိုကော်မတီသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ - WHO ၊ UNDP အတွင်းက ကူညီရေးစီမံကိန်းတွေလိုမျိုး ကုလသမဂ္ဂရဲ့ အရေးကြီးဆုံး အဖွဲ့အစည်းပေါင်း များစွာရဲ့ ငွေကြေးနဲ့ကုန်ကျစရိတ်တွေကို အသေးစိတ်တာဝန်ယူရပါတယ်။

  • ချင်းတိုင်းရင်းသားတို့၏ အပျိုလူပျိုဘဝ

    ချင်းတိုင်းရင်းသားတို့၏ အပျိုလူပျိုဘ၀ အကြောင်းကို လေ့လာကြည့်သော အခါ ဒေသအလိုက် အနည်းငယ် ကွဲပြားကြသည်။ ပထမဦးစွာ ဟားခါးမျိုးနွယ်ထဲမှ အဓိကအားဖြင့် လိုင်မျိုးနွယ်စုအကြောင်းကို လေ့ လာခဲ့ပြီး အုပ်ချုပ်ရေးအရ စင်ထန်း၊ ဇိုခွားနှင့် မိအယ်ဟူ၍ သုံးမျိုးထပ်မံ ခွဲခြားနိုင်ကြောင်း တွေ့ရှိရပါသည်။

  • ကရင်လူမျိုးများ၏ မူလဇာစ်မြစ်

    ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

ကရင်လူမျိုး၏ မူလဇာစ်မြစ်


ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။
ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။
ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။
ကရင်ဟူသော အမည်
ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။
ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက်တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။
ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇာစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကို အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။
ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အား ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။ အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများ ဖြစ်သောကြောင့်ပင်တည်း။
ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အား ပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို “ခဲ့ရင်” ဟု ခေါ်ကြသည်။ “ဧည့်သည်” များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။ ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည် အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်း ဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို “ကရယင်” “ကရယင်နယ်” ဟု ဖော်ပြထားပါသည်။
မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသော အမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။
တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့ အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့် မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက် လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင် ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟု ယူဆရပါသည်။
ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊ မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။ ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟု သွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။
မိခင်အနွယ်ဝင် ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီး တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။
ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။ ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။ သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။ အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။
အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပ၀ိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပ၀ိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။
(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)
တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။
(People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984, page 7, column 1, Karen, Hmong, Mien (Yao)
Lahu, Akha, and Lisu (page 7, line 13, column 1)
Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)
တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … )
ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။
ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။
ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။
karen-manကမ္ဘာ့လူမျိုးနွယ်များ
ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။
နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။
ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။
ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်
အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊ စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။
သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။)
လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ ဤ နှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။ သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။
ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊ အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။
ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ် Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင် ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင် ပျံ့နှံ့သွားကြသည်။
အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင် နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသော ဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။
ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။ အစောပိုင်း မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ ရှိကြပေသေးသည်။
ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍ လေ့လာမည် ဖြစ်ပါသည်။
ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။
ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို ဆိုလိုပါသည်။
အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှ တနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး (ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် / ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျ နေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ် တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။
ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသော မြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။
လူ့ယဉ်ကျေးမှု ထွန်းကားရာ မြစ်ဝှမ်းအရပ်များမှာ …
၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
၃။ အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
၎။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho)
အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင် ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။ သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက် ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။
ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည် ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို ဆက်လက် လေ့လာရပေမည်။
မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။ (History of the world by Weech, second edition, page 333, Acient China ” The Chinese grew up as dwetters in houses, not as nomads in tents.”)။ တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical knowledge for all, vol 2 by Sir John Hammertal, page 132, “Early history of China and Japan”, The Chinese people, like most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central Asia, - )
သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။ အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန် ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။
အချို့ကလည်း ကရင်များသည် တိဘက်က လည်းကောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းက လည်းကောင်း တရွေ့ရွေ့ ပြောင်းရွှေ့ပြီး အရှေ့တောင်အာရှသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထို အဆိုကို မငြင်းပယ်လိုပါ။ သို့ရာတွင် မယဉ်ကျေးသော တိဘက်များ နေထိုင်ရာ ဒေသနှင့် သွားလာရန်ပင် အလွန် ခက်ခဲသော တရုတ်ပြည် အနောက်တောင်ပိုင်းမှ ကရင်လူမျိုးများ စတင် မပေါက်ဖွားလာသည်ကိုတော့ လေ့လာသူတိုင်း သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။
ရေခဲခေတ် (စတုတ္ထကပ်) ၌ ရေခဲ နှင်းခဲ ပိတ်၍ အာရှတိုက် အလယ်ပိုင်း၌ သောင်တင်နေခဲ့သော မွန်ဂိုလွိုက် အကြွင်းအကျန်များလားဟု စဉ်းစားကြည့်လျှင်လည်း ထို နှင်းခဲခေတ် မွန်ဂို အသားဝါများသည် ကျောက်ခေတ်ဦးထက်စောပြီး လူဟူ၍ ပေါ်လာခဲ့သော လူသားများ ဖြစ်ကြရာ လူရိုင်းများသာ ဖြစ်ကြသည်။ ကရင်လူမျိုးများသည် ထို မွန်ဂို အကြွင်းအကျန်မှ သော်လည်းကောင်း၊ တနေရာရာတွင် ရောက်ရှိနေသော အသားဝါ အနွယ်စု တစုစုမှ သော်လည်းကောင်း ပွားလာရမည်ဟု ယူဆစရာ ရှိပါသည်။ ထိုသို့ မဟုတ်ပါကလည်း နှစ်ကြာညောင်း၍ အာရှအလယ်ပိုင်းတွင် တနေရာမှ တနေရာသို့ ရွေ့လျားသွားလာသော မွန်ဂိုများသည် ယဉ်ကျေးလာကြသည်ဟု ပြောရန်မှာလည်း အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကာ အခြားယဉ်ကျေးသော သူများနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲနှင့် တောင်ထိပ်တွင် လည်းကောင်း၊ မြက်ခင်းပြင်တွင် လည်းကောင်း ယဉ်ကျေးလာရန်မှာ ခက်ခဲလှပါသည်။
ယဉ်ကျေးမှု တိုးတက်လာခြင်း၏ အကြောင်းရင်းမှာ လူတို့သည် အတည်တကျ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကာ ပတ်ဝန်းကျင်လူမျိုးပေါင်းစုံနှင့် တွေ့ထိဆက်ဆံပြီးနောက်ပိုင်း တဖြည်းဖြည်းမှသာ ယဉ်ကျေးလာကြသည်သာ ဖြစ်ရပေသည်။
သို့ဖြစ်၍ ကျန်ရှိသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (၀ါ) ရှိနားလွင်ပြင် (၀ါ) မက်ဆိုပိုတေးမီးယားဒေသ ကိုသာ လေ့လာရန် ရှိပါသည်။
karen-womanမြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်း သုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation “because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations” because the ruins of mighty empires or ancient times are buried under its sunbaked soil.)
ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။
အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group doscribed as Mongolian.)
ထူးခြားသည်မှာ ဤမွန်ဂို လူမျိုးများသည် ယူဖရေးတီးမြစ်၏ အောက်မြစ်ဝပိုင်း (Lower euperates) တွင် အခြေချခြင်း ဖြစ်သည်။ မြစ်ညှာပိုင်းနှင့် မြစ်ဝပိုင်းကို နှိုင်းယှဉ်ကြည့်ပါက မြစ်ဝပိုင်းသည် နှုန်းမြေများရှိ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးမွေးမြူရေး ပို၍ အောင်မြင်မည်သာ ဖြစ်သည်။ မြေသြဇာ ကောင်းသော နေရာကို နေရာယူထားခြင်းသည် အခြားသူများထက် စောစွာရောက်ရှိခြင်း (သို့) အခြားသူများထက် အင်အားကောင်းခြင်းဟု အဓိပ္ပါယ် ယူရန်ရှိသည်။ ထိုနေရာတွင် အခြေချသော မွန်ဂို အသားဝါများသည် မလွဲမသွေ ယဉ်ကျေးလာရမည်သာ ဖြစ်သည်။
ရှေးရှေးအခါက အာရှအလယ်ပိုင်း စတက် (Steppeg) မြက်ခင်းကျယ် တပြင်တခွင်တွင် သွားလာနေထိုင်သော မွန်ဂိုအနွယ်သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသသို့ ယဉ်ကျေးလာ၍ ရောက်လာခြင်း မဟုတ်ဘဲ ရောက်လာပြီးမှ ယဉ်ကျေးသူများ ဖြစ်နိုင်ပါသည်။ တိရိစ္ဆာန်များကို အာရှတိုက် အလယ်ပိုင်းတွင် မွေးမြူခဲ့ကြမည် ဖြစ်သော်လည်း အတည်တကျ မနေခဲ့သဖြင့် စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ယခုမူ ယူဖရေးတီး၏ မြစ်ဝပိုင်း မြေသြဇာ အကောင်းဆုံး နေရာသို့ ရောက်ရှိလာပြီးဖြစ်၍ ယဉ်ကျေးမှုသည်လည်း တိုးတက်လာရမည်မှာ ဓမ္မတာပင် ဖြစ်သည်။
မွန်ဂို လူမျိုးတွင် မျိုးနွယ်စုများကို လေ့လာသောအခါ …
၁။ တာတာ (Tartar)
၂။ နေမဲန် (Naimans)
၃။ ခါဂစ် (Kirghiz)
၎။ ၀ီဂူးဝါး (Uighurs)
၅။ ဟန်း (Huns)
၆။ ကစ်ပ်ကက် (Kipchaks)
၇။ ကရေ (Karaits) စသဖြင့် သိရသည်။
ဤမွန်ဂိုအနွယ်များထဲတွင် ကရင်၏ အမည်နှင့်တူသော ကရေ (Karaits) ဖြစ်ပါသည်။ ကရင်သည် မွန်ဂို အနွယ်ဝင် ဖြစ်သည်။ ထို့ပြင် ကရင်သည် မျိုးနွယ်စုကြီး တစု ဖြစ်ကြောင်းကို အရှေ့တောင် အာရှတွင်ရှိသော နိုင်ငံများ၌ ပျံ့နေသော ကရင်လူမျိုးများနှင့် လူဦးရေကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကရင်လူမျိုးသည် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသော နိုင်ငံများ၌ အများအပြား ရှိကြသည်။
ကရင်သည် မြန်မာနိုင်ငံ အတွင်း၌လည်း လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်ပါသည်။ လူနည်းစုဟု သတ်မှတ်ခံရခြင်းမှာ ကရင်မျိုးနွယ်ခွဲများ ဥပမာ - ပဒေါင်၊ ကရင်နီ၊ ပအိုဝ့်၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသည့် ကရင်မျိုးနွယ်ခွဲများကို ထည့်မပေါင်းဘဲ ခွဲထားသောကြောင့် နည်းနေရခြင်း ဖြစ်ပါသည်။
မွန်ဂို အနွယ်များကို တနွယ်စီ လေ့လာပါက …
၁။ တာတာ သည် ဂျင်ဂစ်ခန်၊ ကူဗလိုင်ခန်နှင့် နောက်လိုက်နောက်ပါများ ဖြစ်ကြပြီး ယခု တရုတ်ပြည်မတွင် တရုတ်လူမျိုးများနှင့် ရောနှောသွားသည်။
၂။ နေမဲန် သည် အာရှ အလယ်ပိုင်း၌ ရှိသည်။ (History of the world by Weech, 2nd edition, page 285)
၃။ ခါဂစ် သည် ဆိုဗီယက် ပြည်ထောင်စု တာကစ်စတန်နယ်တွင် ရှိသည်။ (Lands and peoples, vol 3, page 169)
၎။ ၀ီဂူးဝါး သည် တရုတ်ပြည် တိအန်ရှန် တောင်တန်း ၀န်းကျင်တွင် ရှိသည်။ (China pictorial 4/1985, page 12)
၅။ ဟန်း သည် ယခု ဟန်ဂေရီ နိုင်ငံ၌ နေထိုင်လျှက် ရှိသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၊


Share:

ချင်းတိုင်းရင်းသားတို့၏ အပျို လူပျိုဘဝ

ချင်းတိုင်းရင်းသားတို့၏ အပျိုလူပျိုဘ၀ အကြောင်းကို လေ့လာကြည့်သော အခါ ဒေသအလိုက် အနည်းငယ် ကွဲပြားကြသည်။ ပထမဦးစွာ ဟားခါးမျိုးနွယ်ထဲမှ အဓိကအားဖြင့် လိုင်မျိုးနွယ်စုအကြောင်းကို လေ့ လာခဲ့ပြီး အုပ်ချုပ်ရေးအရ စင်ထန်း၊ ဇိုခွားနှင့် မိအယ်ဟူ၍ သုံးမျိုးထပ်မံ ခွဲခြားနိုင်ကြောင်း တွေ့ရှိရပါသည်။ ဟားခါးမြို့ပေါ်နေ ချင်းတိုင်းရင်းသား၊ စင်ထန်မျိုးနွယ်စုမှာ လူပျိုများသည် တစ်အိမ်တက် တစ်အိမ်ဆင်း လူပျိုလှည့်ခြင်းဓလေ့ကို ယခုအခါ ကျင့်သုံးခြင်း မရှိတော့သော်လည်း ယခင်အချိန်များနှင့် ရွာဘက်တွင် နေထိုင်သူများ ကျင့်သုံးခဲ့ကြသည်။ အပျိုလူပျိုဂေဟာ သဘောမျိုး ရွာထဲနှင့် မြို့ပေါ်၌ မရှိကြပေ။ ယခင်ကမူ လူပျို အများသဘောကျသော အမျိုးသမီးတစ်ဦးတည်း၏ အိမ်တွင် လူပျိုးများ စုအိပ်ကြသော ဓလေ့ရှိခဲ့ကြသည်။ ထို့ပြင် စုဝေးရာအိမ်တွင် ညမိုးချုပ်သောအချိန်၌ စုဝေးကြပြီး သီချင်းဆိုကြခြင်း၊ ကခုန်ခြင်း၊ မောင်း၊ ဗုံ စသည်တို့ တီးမှုတ်ခြင်းများ ပြုလုပ်လေ့ရှိကြသည်။ ပုလွေကို သိပ်မသုံးကြပေ။ ယခုခေတ်တွင်မူ ဂီတာတီး၍ လူပျိုလှည့်လေ့ ရှိကြသည်။ ထို့ပြင် ချင်းဘာသာစကား၊ ဗမာစကား၊ အင်္ဂလိပ်ဘာသာ စကားဖြင့် ခေတ်ပေါ်သီချင်းများ၊ ရှေးရိုးရာသီချင်းများ သီဆိုကြသည်။ ကဗျာ၊ လင်္ကာ၊ စကားထာဝှက်၍ ပြောဆိုပြီး လူပျိုလှည့်လေ့ ရှိကြသည်။ ထို့အပြင် ငွေကြေးချမ်းသာသူ ချင်းတိုင်းရင်းသားတစ်ဦးမှ ဦးဆောင်၍ ငါးရက်တိုင်တိုင် ကျင်းပသော ဘွေသဲ (Bawite) ပွဲတော်၊ ခုနစ်ရက်ကျင်းပသော ခေါင်ကျွဲပွဲတော်၊ သီးနှံမျိုးအောင်ပွဲ (သို့) ချင်းအခေါ် ရူမ်းဆွမ်သုပွဲတော်၊ သားကောင်အကြီး မပစ်ခင် ကြိုတင်ဆုတောင်းပွဲ (သို့) ချင်းအခေါ် ပဆုမ်ရယ်ပွဲတော်၊ ကျားပစ်၍ အောင်နိုင်သော ပွဲတော်၊ နှစ်ကူးပွဲတော်၊ အိမ်သစ်တက် ပွဲတော်၊ ကောက်ရိတ်သိမ်း ပွဲတော်၊ တောင်ယာ မီးရှို့ပွဲတော် စသည့် ပွဲတော်များနှင့် တောင်ယာ အတူတူ လုပ်ကိုင်ကြရင်း အပျိုလူပျိုများ တွေ့ဆုံရင်းနှီးခွင့် ရကြပေသည်။ ရှေးခေတ်အခါက အပျိုလူပျို ခေါင်းဆောင်များ ရှိကြသည်။ ထိုခေါင်းဆောင်သူသည် အပျို (သို့) လူပျို ဖြစ်ရမည်။ အများကို ဦးဆောင်နိုင်သူ ဖြစ်ရပေမည်။ များသောအားဖြင့် ချင်းတိုင်းရင်းသား အပျို လူပျိုများကို ငယ်ရွယ်စဉ် ကတည်းက လူကြီးချင်း စေ့စပ်ထားတတ်ကြပြီး မျိုးနွယ်တူသူချင်း ယူလေ့ရှိသည်။ ယခုခေတ်အခါတွင်မူ မိမိတို့ ကြိုက်နှစ်သက်ရာကို ယူကြပေသည်။ လက်မထပ်မီ အပျိုလူပျိုဘ၀ကို ထိန်းသိမ်းကြကြောင်း လေ့လာတွေ့ရှိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နေ ချင်းတိုင်းရင်းသား ဇံညက်မျိုးနွယ် အပျိုလူပျိုဘ၀မှာလည်း တစ်မျိုး စိတ်ဝင်စားစရာ ကောင်းနေပါသည်။ ထိုအပျို လူပျို ဘ၀များသည်လည်း ထိမ်းမြားမင်္ဂလာပွဲ၊ အသုဘပွဲ၊ နှစ်သစ် ကူးပွဲ၊ ကောက်ရိတ်သိမ်းပွဲ (ခေါ်) လောင်ပွေး၊ အိမ်သစ်တက်ပွဲ၊ တွန်လှန် (ခေါ်) အခြားပွဲလမ်း သဘင်များတွင်လည်းကောင်း၊ တောင်ယာ စုပေါင်း လုပ်ကိုင်ကြရင်းလည်းကောင်း တွေ့ဆုံရင်းနှီးခွင့် ရကြသည်။ သီးသန့် အပျိုလူပျိုလှည့်ခြင်း မရှိကြပါ။ တစ်ခါတစ်ရံ တောင်ယာ အသွားအပြန် ခရီး၌ စုပေါင်း၍ သီချင်းများ သီဆိုကြကြောင်း လေ့လာတွေ့ရှိရသည်။ ထူးခြားချက်မှာ အပျိုတချို့ ဆေးရွက်ငုံသော ဓလေ့၊ ဆေးရည်သောက်သော ဓလေ့ရှိကြသည်။ ထို့ပြင် ဆေးလိပ်ကို အပျိုကလိပ်ပြီး လူပျိုအား လက်ဆောင်ပေးပါက ထိုသူက ကြိုက်နှစ်သက်ကြောင်း ပြသသည့် သဘောကို ဆောင်ပါသည်။
ချင်းတိုင်းရင်းသား ဟွာငိုမျိုးနွယ် အပျိုလူပျိုများမှာမူ တောင်ယာအပြန် ညဘက် ထမင်းစားပြီးချိန်များတွင် လူပျိုလှည့်လေ့ရှိကြသည်။ အများအားဖြင့် အုပ်စုလိုက် သီချင်းဆိုခြင်း၊ ပုလွေမှုတ်ခြင်း စသည့် ဓလေ့ရှိကြပြီး ယခုခေတ်တွင်မူ ဂစ်တာတီးခြင်း ရှိကြသည်။ တစ်ခါတစ်ရံတွင်မူ တစ်ဦးချင်း လူပျိုလှည့်တတ်ကြသည်။ ကဗျာ၊ လင်္ကာစပ်ခြင်း၊ စကားထာဝှက်ခြင်း မရှိပါ။ ပွဲတော်များမှာ လူပျိုအပျို တွေ့ဆုံရင်းနှီး နိုင်ပါသည်။
ချင်းတိုင်းရင်းသား ဆိမ် (Sim) မျိုးနွယ်များမှာမူ ရွာ၏အလယ်၌ လူပျိုများ ညဘက်တွင် စုအိပ်ကြသည်။ နေ့အချိန်တွင်မူ မိဘများအိမ်၌ နေကြသည်။ အုပ်စုလိုက် လူပျိုလှည့်ခြင်း ဓလေ့ရှိကြပြီး သီချင်းဆိုခြင်း၊ ဗုံတီးခြင်း၊ ပုလွေမှုတ်ခြင်း၊ ချင်းရိုးရာသီချင်း စကားထာဝှက်ခြင်းမျိုးလည်း ရှိကြသည်။ ကဗျာလင်္ကာ ရွတ်ဆိုခြင်းမျိုးလည်း ရှိကြသည်။ မိန်းကလေးအပျို၏ မိဘများရှေ့တွင် လည်ကြရပြီး ခေါင်ရည်ဖြင့် ဧည့်ခံကြသည်။ ပွဲတော်များနှင့် တောင်ယာများတွင် တွေ့ဆုံရင်းနှီးခွင့် ရကြသည်။ များသောအားဖြင့် အသက် ၁၈ နှစ်မှ ၂၃ နှစ်ကြားတွင် အိမ်ထောင်ပြုလေ့ရှိကြသည်။
ချင်းတိုင်းရင်းသားဇာဟာအို (ဇာဟောင်) မျိုးနွယ်တို့မှာမူ အပျိုလူပျိုဂေဟာဟူ၍ မရှိဘဲ သဘောကျသော အပျိုတစ်ဦး၏ အိမ်တွင် လူပျိုများစု၍ အိပ်ခြင်းမျိုးသာ ရှိကြသည်။ စုရပ်အဖြစ် ရွာ၏အလယ်တွင် တဲထိုး၍ ထိုင်ခုံများစုထိုင်ကြသည်။ အပျိုအိမ်သို့ သွားလည်တတ်ကြ သည်။ တောင်ယာအပြန် ထမင်းစားပြီးချိန် ညဘက်၌ လူပျိုလှည့်လေ့ရှိသည်။ လမ်းလွိုင်ခေါ် ကြိုးတပ်တူရိယာ တစ်မျိုးဖြင့် တီးမှုတ်လေ့ရှိကြပြီး သီချင်းမဆိုပါ။ ပုလွေကို တောင်ယာ၌ မှုတ်လေ့ရှိကြပြီး အိမ်မှာမူ မှုတ်သောဓလေ့ နည်းပါးသည်။ တစ်ခါတစ်ရံ ဗုံမောင်းတီး၍ သီချင်းဆိုကြသည်။ လူပျိုများစု၍ ၀ယ်လာသော ခေါင် ရည်အိုးကို အလယ်၌တည်၍ စုဝေးသီဆိုကခုန်ကြသည်။ မိန်းကလေး အပျိုအိမ်မှ ခေါင်ရည်ဖြင့် ပြန်လည်ဧည့်ခံ တတ်သည်။ ကဗျာလင်္ကာ သီဆိုခြင်း မရှိပေ။ ပွဲတော်များ၌ အပျိုလူပျိုများ တွေ့ဆုံရင်းနှီးကြ သည်။ ရှေးအခါက မိဘပေးစားခြင်းကို ယူခြင်းက များသည်။ ချစ်ကြိုက်လျှင်လည်း လူကြီးသဘောတူမှ လက်ထပ်ကြသည်။ မိဘများအနေဖြင့် အပျိုမှာ ရုပ်ချော၍ အလုပ်ကြိုးစားပြီး ပြောဆိုပုံ လည်း ကောင်း ပါက မိမိတို့၏ သားအတွက် မိဘက တောင်းပေးလေ့ ရှိကြသည်။ စုန်းကဝေ ယုံကြည်ကြ၍ စုန်းကဝေ မျိုးရိုးဟု သံသယရှိပါက ရှောင်ကြဉ်ကြသည်။ သူခိုးမျိုးရိုး၊ ရောဂါဆိုးရှိသော မျိုးရိုးများကိုလည်း ရှောင်ကြဉ်ကြသည်။ အပျိုစင်ဘ၀ကို ထိန်းသိမ်းကြပြီး သန့်သန့်ရှင်းရှင်း နေထိုင်ကြသည်။ ကျူးလွန်ခဲ့ပါက လျော်ကြေး အဖြစ် ခေါင်ရည်အိုး ငါးလုံး၊ ဆပ်ဆန် ၇ ပြည်(တစ်ပုံး)၊ ၀က်လက်လေး ဆုတ် (တစ်ကောင်)၊ ဆားတစ်ပိသာ တို့ကို ပေးလျော်ရသည်။ ကျူးလွန်ပြီး မယူချင်ပါက လုံးခင် (ခေါ်) နာမည်ပျက်ခအဖြစ် (၂၅)ရူပီး လျော်ရသော ဓလေ့ရှိကြောင်း ရှေးအခါက ကျင့်သုံးကြကြောင်း လေ့လာတွေ့ရှိရသည်။
ချင်းတိုင်းရင်းသား ခွာလ်စိမ် (khaulsim) မျိုးနွယ်များတွင် အပျိုလူပျိုဂေဟာ မရှိပေ။ အပျိုအိမ်ကို လူပျိုများစု၍ လူပျိုလှည့်ခြင်း၊ တစ်ဦးစီ လူပျိုလှည့်ခြင်းတို့ ရှိကြသည်။ စုပေါင်း၍ သီချင်းဆို တတ်ကြသော်လည်း တူရိယာ အသုံးပြုခြင်း မရှိကြပေ။ ကဗျာလင်္ကာ စပ်ဆိုခြင်း၊ စကားထာ ၀ှက်ခြင်း ဓလေ့မျိုးလည်း မရှိကြပေ။ ညဘက်တိုင်း လူပျိုလှည့်လေ့ရှိသော်လည်း အပျိုဘက်မှ ပြန်လည်၍ ခေါင်ရည်ဖြင့် ဧည့်ခံခြင်းဓလေ့ မရှိကြပေ။ အပျိုလူပျိုများသည် ပွဲတော်များနှင့် တောင်ယာများ၌ တွေ့ဆုံရင်းနှီးခွင့် ရကြသည်။
ချင်းတိုင်းရင်းသား လင်သဲမျိုးနွယ်ဝင် အပျိုလူပျိုများသည် အပျိုလူပျိုဂေ ဟာဟူ၍ မရှိသော်လည်း အပျို၏အိမ်တွင် လူပျိုများစုဝေး၍ အိပ်သောဓလေ့ရှိခဲ့ကြသည်။ တစ်ဦးချင်းအလိုက်၊ အုပ်စုအလိုက် လူပျိုလှည့်လေ့ရှိကြပြီး သီချင်းသီဆိုခြင်း၊ ဗုံ ပုလွေ ဂီတာတီးမှုတ်ခြင်း ဓလေ့ရှိကြသည်။ အပျိုဘက်မှ ခေါင်ရည်ဖြင့် ဧည့်မခံကြပေ။ အပျိုလူပျိုများ သည် တောင်ယာတွင် အလှည့်ကျ လုပ်အားပေးရင်း တွေ့ဆုံ ရင်းနှီးကြသည်။ ပွဲတော်များတွင်လည်း တွေ့ဆုံကြသည်။
ချင်းတိုင်းရင်းသား ဆွန်ထလာမျိုးနွယ်ဝင်များတွင် အပျိုလူပျိုဂေဟာဟူ၍ မရှိဘဲ အပျိုအိမ်တစ်အိမ်တွင် လူပျိုများ စုအိပ်သောဓလေ့ ရှိကြသည်။ အပျိုအိမ်သို့ ညဘက် တစ်ဦးချင်းစီ လူပျိုလှည့်ကြသည်။ သီချင်းဆိုခြင်း၊ ဗုံတီခြင်း၊ ဂစ်တာ တီးခြင်း၊ စကားထာဝှက်၍ ကဗျာလင်္ကာ ရွတ်ဆိုခြင်းမျိုး မရှိသကဲ့သို့ ခေါင်ရည်ဖြင့် ပြန်လည်ဧည့်ခံခြင်းမျိုးလည်း မရှိကြပေ။ ပွဲတော်များနှင့် စုပေါင်း တောင်ယာများတွင် တွေ့ ဆုံကြကြောင်း လေ့ လာ တွေ့ရှိရသည်။
ချင်းတိုင်းရင်းသား လှောန်ကျဲအို မျိုးနွယ်များတွင် အပျိုလူပျိုဂေဟာ မရှိသော်လည်း အပျိုတစ်ဦး၏ အိမ်တွင် လူပျိုများစု၍ အိပ်သောဓလေ့ ရှိကြသည်။ ညဘက် ၇ နာရီခန့်တွင် လူပျိုလှည့်ကြပြီး သီချင်းသီဆိုခြင်း၊ ဗုံ မောင်း ၀ါးပုလွေ တီးမှုတ်ခြင်းတို့ကို ပြုလုပ်ကြသည်။ ရိုးရာ နတ်ပူဇော်ပွဲ၊ ရိုးရာကပွဲ၊ ကောက်သစ်စားပွဲ၊ နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ မင်္ဂလာပွဲ၊ အသုဘအခမ်းအနားများ၌ အပျိုလူပျိုများ တွေ့ဆုံကြသည်။
ချင်းတိုင်းရင်းသား ငေါန်မျိုးနွယ်များတွင် အပျိုလူပျိုဂေဟာ မရှိပေ။ အပျိုတစ်ဦးအိမ်တွင် လူပျိုများဝိုင်းစု၍ အိပ်သောဓလေ့ ရှိကြသည်။ ညဘက်အချိန်တွင် သွားအိပ်ကြခြင်း များပါသည်။ လူပျိုလှည့်ရာတွင် သီချင်းမဆိုကြဘဲ စောင်းကောက်သဏ္ဍာန် တူရိယာ (ကြိုးတပ်တူရိယာ) တီးခြင်း၊ ပုလွေမှုတ်ခြင်းမျိုးကို တွေ့ရသည်။ တောင်ယာနှင့် ပွဲတော်များတွင် တွေ့ဆုံကြသည်။ အနီရောင်နှင့် အဖြူရောင်ပါသော ကြိုးတစ်မျိုးကို အပျို၏ လက်ကောက်ဝတ်တွင် ၀တ်ပြထားပါက လူပျိုကို ပြန်လည် ကြိုက်နှစ်သက်ကြောင်း ပြသသည့် သဘောဖြစ်သည်။
ချင်းတိုင်းရင်းသား လိုင်ဇိုမျိုးနွယ်များတွင်လည်း အပျိုလူပျိုဂေဟာဟူ၍ မရှိပေ။ အပျိုအိမ်တွင် လူပျိုများ စုအိပ်လေ့ရှိသည်။ ညနေပိုင်းတွင် တစ်ဦးချင်းစီ လူပျိုလှည့်လေ့ရှိပြီး သီချင်းသီဆိုခြင်း မရှိကြပါ။ ခေါင် ရည်ဖြင့် ပြန်လည် ဧည့်ခံခြင်း မရှိပါ။ တောင်ယာနှင့် ပွဲတော်များတွင် လွတ်လပ်စွာ တွေ့ဆုံခွင့်ရကြပေသည်။
တီးတိန်မြို့နေ ချင်းတိုင်းရင်းသား ဆီးယင်းမျိုးနွယ် အပျိုလူပျိုများတွင် အပျိုလူပျိုဂေဟာ ဟူ၍ မရှိသော်လည်း ရှေးအခါက ရွာ၏အလယ်ရှိ ကျယ်ဝန်းသော အိမ်တစ်အိမ်ကိုရွေးပြီး လူပျိုးများစု၍ အိပ်တတ်ကြသည်။ လူပျိုတစ်ဦးချင်းစီ အပျိုအိမ်သို့ ည ၈ နာရီခန့်တွင် လူပျိုလှည့်လေ့ရှိကြသည်။ သီချင်းသီဆိုကြခြင်း မရှိကြပါ။ အပျိုဖြစ်သူက လူပျိုကို ပြန်၍ကြိုက် လျှင် ဆေးလိပ် လိပ်ပြီး တည်ခင်းဧည့်ခံတတ်ကြသည်။ မကြိုက်ပါက ဆေးလိပ်မပေးပေ။ တစ်ခါတစ်ရံ အပျိုလူပျို မေတ္တာ သက်ဝင်ပါက ငုံသောဆေးရည်ကို ဘူးလေးထဲထည့်ကာ အပြန်အလှန် ဖလှယ်၍ ပေးတတ်ကြသည်။ အပျိုလူပျိုများသည် ရာသီအလိုက် ပွဲတော်များနှင့် တောင်ယာများတွင် လွတ်လပ်စွာ တွေ့ဆုံ ရင်းနှီးခွင့် ရကြသည်။
တီးတိန်မြို့နေ ချင်းတိုင်းရင်းသား ဆိုင်းဇံမျိုးနွယ်များ၏ အပျိုလူပျိုဘ၀မှာမူ တစ်မျိုးစိတ်ဝင်စားစရာ ကောင်းလှပါသည်။ ဆိုင်းဇံမျိုးနွယ်များနေသော ဆိုင်းဇံရွာဟောင်းလည်း ရှိပါသည်။ ထိုရွာတွင် လူပျိုဂေဟာသဘောမျိုး အနေဖြင့် လူပျိုများစု၍နေသော အိမ်၊ ချင်းအခေါ် ဆုမ် ရှိကြသည်။ ထိုဆုမ်ကို ရွာထိပ်၊ ရွာအလယ်၊ ရွာအောက်ဟူ၍ သုံးနေရာခွဲ၍ ရွာအလိုက်၊ ရပ်ကွက်အလိုက် ထားလေ့ရှိကြသည်။ များသောအားဖြင့် ယောက်ျားလေး အသက် ၁၀ နှစ် ကျော်လျှင် ဆုမ်၌ သွားအိပ်ကြသည်။ ညဘက် ၈ နာရီခန့်တွင် မိမိတို့ နှစ်သက်ရာ အပျိုအိမ်သို့ လူပျိုလှည့်လေ့ရှိကြသည်။ မိဘများအနေဖြင့် ကန့်ကွက်စရာမရှိသော လူပျိုဖြစ်ပါက စောစောအိပ်ပြီး လွတ်လပ်စွာ စကားပြောဆိုခွင့် ပေးကြသည်။ မိမိတို့ မနှစ်သက်ပါက မိဘများက ထိုင်နေတတ်ကြသည်။ ခေါင်ရည်ဖြင့် ပြန်လည် ဧည့်ခံခြင်းမရှိပါ။ သီချင်းဆိုခြင်း၊ ပုလွေတီးမှုတ်ခြင်း မရှိပါ။ ချစ်ရေးဆိုရာ၌ သီချင်းဖွဲ့၍ ပြောဆိုခြင်းမျိုးတော့ ရှိကြသည်။ မိန်းကလေး အပျိုက ပြန်ကြိုက်လျှင် ဆေးလိပ် အကောင်းစားဖြင့် လိပ်ပေးပြီး ဧည့်ခံလေ့ရှိသည်။ ချစ်ကြိုက်ကြပါက ဆေးရည်ငုံရန်အတွက် ဆေး ရည်ဖြည့်ပေးပြီး အပျိုလူပျိုများသည် အပြန်အလှန် လဲလှယ်တတ်ကြကြောင်း လေ့လာတွေ့ရှိရသည်။
ချင်းတိုင်းရင်းသား တီးတိန်မြို့နေ ဗန်းတဲ့ တိုင်းရင်းသားမျိုးနွယ်များတွင် လည်း လူပျိုးများစု၍ နေသော ဆုမ် ရှိသည်။ အပျိုအိမ်သို့ လူပျိုလှည့်လေ့ရှိကြပြီး အချင်းချင်း မေတ္တာသက်ဝင်ပါက ဆေးလိပ်လိပ်၍ လက်ဆောင်ပေးခြင်း၊ ဆေးရည်ငုံ ဘူး လဲလှယ်ကြခြင်း စသောဓလေ့များ ရှိကြကြောင်း တွေ့ရပါသည်။
ထိုသို့ နေရာဒေသအလိုက် အနည်းငယ် ကွဲပြားနေသော ချင်းတိုင်းရင်း သားတို့ အပျိုလူပျိုဘ၀ကို လေ့လာမှတ်သားရင်း အခြားတိုင်းရင်း သားများအနေနှင့် ရှောင်ကြဉ်စရာဓလေ့များ၊ ဆောင်ထားစရာ ဓလေ့များကို သိရှိနားလည်ကြပြီး တိုင်းရင်းသား အချင်းချင်း ချစ်ခင်စည်းလုံးမှု၊ အပြန်အလှန် လေးစားတန်ဖိုးထားတတ်မှုများ တိုးပွားလာစေလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။
-
လွင်လွင်မွန် ( မနုဿဗေဒ ) 

Share:

သူနာပြု စိတ်ဓာတ်အပြည့်ရှိတဲ့ သမီးဖြစ်သူ (ဒေါ်) အောင်ဆန်းစုကြည်


ထိုအချိန်က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချူ ပ်တွင် အလုပ်ဝင်ရောက်လုပ်ကိုင်နေချိန်ပင် ဖြစ်သည်။ စု သည် အုပ်ချူ ပ်ရေးနှင့် ငွေစာရင်းကော်မတီ အကြံပေးအဖွဲ့တွင် တာဝန်ပေးထား၍ လုပ်ကိုင်ရပါသည်။ ထိုကော်မတီသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ - WHO ၊ UNDP အတွင်းက ကူညီရေးစီမံကိန်းတွေလိုမျိုး ကုလသမဂ္ဂရဲ့ အရေးကြီးဆုံး အဖွဲ့အစည်းပေါင်း များစွာရဲ့ ငွေကြေးနဲ့ကုန်ကျစရိတ်တွေကို အသေးစိတ်တာဝန်ယူရပါတယ်။
အလုပ်ချိန်ပြီးလို့ ညနေပိုင်းတွေမှာဆို စုသည် စေတနာ့ဝန်ထမ်းအလုပ်များကို ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ သူ့ဘာသာသူ ဆောင်ရွက်ပါတယ်။ စုသည် ဆေးရုံတစ်ရုံတွင် အထွေထွေအလုပ်များကို ဝင်လုပ်ခဲ့ပါသေးသည်။ ထိုဆေးရုံကို ၁၉၇၇ ခုနှစ် နောက်ပိုင်းမှာ ပြန်လည်တည်ဆောက်ထားပြီး ယခုအချိန်တွင်တော့ ထိုဆေးရုံသည် အမေရိကန်တွင် သက်တမ်းအရှည်ဆုံး ပြည်သူ့ဆေးရုံကြီး ဖြစ်နေပါတော့သည်။
အမေရိကန်နိုင်ငံ၏ အောက်ခြေလူတန်းစား (၈၀) ရာခိုင်နှုန်းက ထိုဆေးရုံတွင် တက်ကြပါသည်။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ပြည့်စုံလုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။ (၁၉၆၀ ခုနှစ် အတွင်းက အခြေအနေပါ) စုက ညနေပိုင်းတွေမှာ သွားပြီးတော့ လုပ်အားပေးပါတယ်။ ရုံးပိတ်ရက်တွေမှာ တစ်နေကုန်နေတဲ့ရက်တွေ ရှိပါတယ်။ ကလေးဆောင်တွေကို သွားပြီး ကလေးတွေကို စာဖတ်ပြတယ်၊ ညပိုင်းမှာ လူကြီးတွေရဲ့ အိပ်ရာဘေးမှာ သွားထိုင်ပေးပါတယ်။ ထိုဆေးရုံမှာ စိတ်ရောဂါရှိသူများကိုလည်း လက်ခံပေး၍ လူနာများ ဆရာဝန်နဲ့ မတွေ့ခင် စောင့်နေရတဲ့အခန်းမှာလည်း စုက ကူညီနိုင်တာတွေကို ကူညီပေးပါတယ်။
၁၉၉၅ တွင် နေအိမ်အကျယ်ချူ ပ်မှ လွတ်မြောက်ပြီးချိန်တွင် ဖြစ်ပါသည်။ ဒေါ်စုသည် မိုဃ်းလင်း (ဖိုးလေး) မိတ်ဆက်ပေး၍ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းနှင့် သိခဲ့ရပါသည်။ ဒေါ်စန်းစန်းဝင်းသည်လည်း အမပူရ ဦးဘဘွားအိမ်တွင် စင်ပြိုင်အစိုးရလုပ်ရန်စည်းဝေးသည်ဆိုပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ အဖမ်းခံရသူဖြစ်သည်။ ၁၉၉၄ တွင် ပြန်လွတ်လာသူလည်း ဖြစ်ပါသည်။
ဒေါ်စန်းစန်းဝင်းသည် ထောင်ထဲတွင် သားအိမ်ကင်ဆာသဘောမျိုးဖြစ်ပြီး ခပ်ပေါ့ပေါ့သာ နေခဲ့ပါသည်။ ဒေါ်စုက ၁၉၉၅ ခုနှစ်တွင် ဒေါက်တာတင်မျိုးဝင်းဆီ သွားစေခဲ့ပြီး စစ်ခိုင်းလိုက်တော့မှ ခွဲထုတ်လို့ရပေမယ့် ကင်ဆာသည် အမြစ်တွယ်နေခဲ့ပါသည်။ ဒေါက်တာတင်မျိုးဝင်းက ဒေါ်စုကို ဖွင့်ပြောခဲ့ပြီး လူနာကိုတော့ မပြောခဲ့ပါပေ။ ဆေးရုံစတက်သည့်နေ့ကစပြီး ညနေ (၄) နာရီ ရုံးဆင်းသည်နှင့် ဒေါ်စုသည် ဘားလမ်းဆေးရုံကို သွားရောက်ပြီး ဒေါ်စန်းစန်းဝင်းကို သူနာပြု တစ်ယောက် ပြုစုစောင့်ရှောက်သလို ဆောင်ရွက်ခဲ့ပါသည်။ (လူနာမေးပုံစံမျိုး မဟုတ်ပါ) ညနေ (၆) နာရီမှ ပြန်ပါတယ်။ အားပေးစကားပြောတာ၊ နှစ်သိမ့်မှုပေးပြီး ပြုစုကုသတာတွေကို ကွယ်လွန်တဲ့နေ့အထိ နေ့စဉ်ဝတ္တရားမပျက် သွားရောက်ခဲ့ပါတယ်။ ရဲဘော်ရဲဘက် စိတ်အပြည့်နဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဒေါ်စန်းစန်းဝင်း၏ နောက်ဆုံးခရီးကိုလည်း လိုက်ပါပို့ဆောင်ခဲ့ပြီး ကျန်ရစ်သူမိသားစုကိုလည်း သွားရောက်ပြီး နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ပါသည်။း
ဤသည်မှာ လူသားတို့ကို လူသားဟုပင် မြင်ပြီး အားနည်းနေသူတို့ကို၊ နာမကျန်းဖြစ်နေသူတို့ကို ကူညီစောင့်ရှောက်မှုပေးပြီး လူသားကောင်းကျိုးကို စိတ်စေတနာအပြည့်နဲ့ ကူညီစောင့်ရှောက်ပြီး ပြုစုကုသပျိုးထောင်ပေးမည်ဆိုသည့် စိတ်ထားမြင့်မြတ်သူတို့သာ လုပ်ကိုင်နိုင်မည့် အလုပ်တို့ကို တွဲလက်ညီစွာဖြင့် မိခင်ကြီး၏ ကောင်းမြတ်သောအမွေကို ဆက်လက်ထိန်းသိမ်းသော သမီးကောင်းတစ်ဦး၏ အပြုအမူပင် မဟုတ်ပါလား ခင်ဗျာ။
ကိုးကားပြီးရေးသော စာအုပ်များမှာ -
Aung San Su Kyi - A Biography (Jesper Bengtsson)
မိုဃ်းလင်း (ဖိုးလေး) မိခင်ကြီး၏ သူနာပြု စိတ်ဓာတ်အပြည့်ရှိသော သမီးအောင်ဆန်းစုကြည်
Credit : Aung Kyaw Moe
Share:

နေရပ်ပြန်လာမယ့်ဒုက္ခသည်တွေကို မောင်တောဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမည်

အစိုးရရဲ့ ဒုက္ခသည်ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် ဆောင်ရွက်နေတဲ့ အခြေအနေတွေအကြောင်း ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဦးစီးဌာနရုံးမှာ သတင်းစာရှင်းလင်းခဲ့စဉ်
Photo: Kyaw Lwin Oo/RFA


ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် မွတ်စလင်ဒုက္ခသည်တွေကို နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ် ထုတ်ပေးမှာဖြစ်ပြီး သူတို့ကို မောင်တောဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောလိုက်ပါတယ်။
အစိုးရရဲ့ ဒုက္ခသည်ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော်ဆောင် ရွက်နေတဲ့ အခြေအနေနဲ့ အသင့်ဖြစ်နေတဲ့ အခြေအနေတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ဒီနေ့ ရန်ကုန်မြို့က လူမှုဝန်ထမ်း ကယ်ဆယ်ရေးဦးစီးဌာနရုံးမှာ သတင်းစာရှင်းလင်းခဲ့တာဖြစ်ပါတယ်။
နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင် မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ Smard Card တွေ ထုတ်ပေးမှာဖြစ်ပြီး အဲဒီမှာ လူမျိုးအမည် ပါနိုင်ခြေနည်းတယ်လို့လည်း ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။
ပထမအသုတ်ပြန်လာမယ့် ဒုက္ခသည်တွေကို ငါးခူရရေလမ်းကြောင်းကနေ ခေါ်ယူမှာဖြစ်ပြီး နောက်ပိုင်းအသုတ်တွေ မှာတော့ ကုန်းလမ်းကြောင်းကိုလည်း အသုံးပြုပြီး ခေါ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့လောက်မှာ ဘင်္ဂလားဒေ့ရှ်ကနေ မွတ်စလင်ဒုက္ခသည် ၂၂၀၀ ကျော် ပြန်လာ မှာဖြစ်ပြီး ပြန်လည်လက်ခံရေးစခန်းတွေမှာ ဒုက္ခသည်တွေကို နှစ်ရက်လောက် ထားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် လှဖိုးခေါင်ကြားစခန်းမှာ ယာယီနေရာချထားမှာဖြစ်ကာ တစ်လစာ စားနပ်ရိက္ခာနဲ့ ပညာရေး၊ ကျန်းမာရေးပိုင်းဆိုင်ရာတွေကို အစိုးရက တာဝန်ယူသွားမယ်လို့ ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
Share:

Search This Blog

Powered by Blogger.

Blog Archive

ကရင်လူမျိုး၏ မူလဇာစ်မြစ်

ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။ ဥပ...

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Ordered List

  1. Lorem ipsum dolor sit amet, consectetuer adipiscing elit.
  2. Aliquam tincidunt mauris eu risus.
  3. Vestibulum auctor dapibus neque.

Sample Text

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.